ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းမှာ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၁ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ နစကသတင်း ထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ဖေဖော်ဝါရီလ ၉ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင်းမှာ ကျားဖြန့်လုပ်ငန်း တွေဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး နယ်မြေစစ်ဆေးတာ တွေဆောင်ရွက်ချိန်မှာ တရုတ်နိုင်ငံသား ၂၁ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေစစ်ဆေးတာတွေကို ဖေဖော်ဝါရီလ ၅ ရက်ကနေ ၉ ရက် နေ့အထိ ဆောင်ရွက်ချိန်မှာ တရားမဝင်အွန်လိုင်း လောင်းကစားနဲ့ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေဆောင်ရွက် နေသူတွေကို ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ သိရပါတယ်၊၊အဲဒီ ၅ ရက်အတွင်း ဖမ်းဆီးရမိတဲ့သူတွေထဲမှာ အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှု လုပ်ကိုင်သူတွေကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ၅ ယောက်၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ယောက်၊ အမျိုးသမီး ၂ ယောက်၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂၉ ယောက် စုစုပေါင်း ၁၀၂ယောက်တို့ကို တရားမဝင် အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ကာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ပနိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။