စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နဲ့ ကလေးမြို့တွေမှာ ငွေကျပ် ၄ ဘီလီယံကျော်ဖိုး ထိန်းချုပ်ဓာတုပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဩဂုတ် ၁၈ ရက်မှာထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့၊ ရတနာပုံတံတားမှာ ဩဂုတ် ၁၃ ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ၆ ဘီး မော်တော် ယာဉ် ၂ စီးပေါ်က ပလတ်စတစ်ပီပါတွေနဲ့ ထည့်ထားတဲ့ ဓာတုပစ္စည်း PROPIOPHENONE ၁၀၂၀ လီတာနဲ့ သတင်းကွင်းဆက်အရ ဩဂုတ် ၁၄ ရက်၊ မနက်ပိုင်းက အဲဒီနေရာမှာပဲ ၁၂ ဘီးယာဉ်ပေါ်မှ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေ၊ ကဖင်း ၃ တန်ကျော်နဲ့ အမိုနီယမ်ကလိုရိုဒ် ၂ တန်ကျော်တို့နဲ့အတူ စုစုပေါင်း အမျိုးသား ခြောက်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၁၄ ရက်၊ ညနေပိုင်းမှာတော့ ထိန်းချုပ်ဓာတုပစ္စည်းတွေ တာဝန်ခံပို့ဆောင်ခိုင်းသူ အမျိုးသမီးတစ်ယောက်ကို ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ငုရွှေဝါလမ်းကဂိုထောင်မှာ ဖမ်းဆီးရမိခဲ့သလို ဩဂုတ် ၁၆ ရက်မှာတော့ အမျိုးသားနှစ်ယောက်ကို ကလေးမြို့၊ မြို့လှရပ်ကွက်နဲ့ တောင်ဇလပ်ရပ်ကွက်တို့မှာ ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့အတူ အသီးသီးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ဖမ်းမိသူ စုစုပေါင်း ကိုးယောက် ကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေ ကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။