ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ဇူလိုင်လ ၈ ရက် ညနေပိုင်းက ငွေကျပ် ၄ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၈ ရက် ညနေ ၆ နာရီခွဲအချိန်လောက်က ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်း – ကျိုင်းတုံသွားကားလမ်း၊ ကျိုင်းဖောင်းရွာအနီးမှာ အမျိုးသားတစ်ယောက် မောင်းနှင် လာတဲ့ ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုရှာဖွေရာ ယာဉ်ပေါ်မှာ ကာလ တန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလိုကို သိမ်းဆည်းရမိခဲ့ တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
အဲဒီဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊