မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ငွေကျပ် ၂ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီးမှာ အမျိုးသားတစ်ယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို သတင်းအရ ရှာဖွေရာ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးတွေဖြစ်တဲ့ ကက်တမင်း ၃၇ ကီလို နဲ့ Happy Water ၆ ဒသမ ၅ ကီလိုကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ အမျိုးသားနှစ်ယောက်၊ သယ်ဆောင်ခိုင်းသူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၆ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KTV/ Club/ Bar နဲ့ စားသောက်ဆိုင်တွေမှာ လူငယ်တွေကို အန္တရာယ်ဖြစ်စေတဲ့ စိတ်ပြောင်းဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေမှုတွေကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။