မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဇူလိုင်လ ၅ ရက် ညနေပိုင်းက ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၅ ရက် ညနေ ၃ နာရီအချိန်လောက်က ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းအနီးရှိ၊ ၇၁(C)လမ်းမှာ မော်တော်ယာဉ် နှစ်စီးကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှာ ဘိန်းဖြူ ၂၂ ကီလိုနဲ့အတူ လူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ၇၁ လမ်းမှာ အမျိုးသားတစ်ယောက် ငှားရမ်းနေထိုင်တဲ့ နေအိမ်ကနေ ဘိန်းဖြူ ၆၄ ဒသမ ၉ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊