ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက ငွေကျပ် ၁ ဘီလီယံခွဲနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၁၈ ရက်မှာထုတ်ပြန်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက် မနက် ၇ နာရီခွဲအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးမှာ မိုင်းပျဉ်းကနေ မိုင်းပုအွန်ဘက်ကို အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှာအိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ကီလိုကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၆ ရက် မနက် ၈ နာရီအချိန်လောက်က မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်ကျေးရွာရှိ အမျိုးသားတစ်ယောက်ရဲ့နေအိမ်မှာ အိုက်စ် ၅၀ ကီလိုနဲ့ ကက်တမင်း ၃၀ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်၊၊ သူတို့နှစ်ယောက်ဆီက ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနဲ့ကက်တမင်း ၃၀ ကီလိုကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါတယ်၊၊