ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ ဇူလိုင်လ ၉ ရက် ညနေပိုင်းက ငွေကျပ် ၁ ဘီလီယံခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီခွဲအချိန်လောက်က တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်အနီးမှာ မောင်းနှင်လာတဲ့ မော်တော်ယာဉ် နှစ်စီးကို သတင်းအရ ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုရှာဖွေရာ ယာဉ်ပေါ်မှာ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံခွဲကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၃၀၀ ၊ အလေးချိန် ၁၀၅ ကီလိုနဲ့အတူ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီဖမ်းဆီးရမိသူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊