လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးသူတွေ ပြန်လည်လျှောက်ထားရာမှာ ပေးဆောင်ရမယ့် ဒဏ်ကြေးကို တိုးမြှင့်ကောက်ခံသွားမယ်လို့ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
မူလက လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးတာတွေ ပြန်လည်လျှောက်ထားရင် လိုအပ်တဲ့ အထောက်အထား နဲ့ ဒဏ်ကြေး ငါးထောင်ကျပ်သာ ပေးသွင်းရတာ ဖြစ်ပါတယ်။
အခုအခါ လာမယ့် ဇူလိုင် ၁ ရက်ကစပြီး ပထမအကြိမ် မိတ္တူလျှောက်ထားခြင်းအတွက် သုံးသောင်းကျပ်၊ ဒုတိယ အကြိမ်ဆိုရင် ငါးသောင်းကျပ်၊ တတိယအကြိမ်နဲ့ အထက်ကို ကျပ်တစ်သိန်းဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
ကတ်ပျောက်လျှောက်ထားတဲ့ ကာလအတွင်း ဆေးကုသမှုခံယူနိုင်ဖို့ ကတ်ပျောက်လျှောက်ထားကြောင်း ဆေး ကုသခွင့် ထောက်ခံစာကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လူမှုဖူလုံရေး ဝင်ထားတဲ့ အလုပ်သမား ၁ ဒသမ ၂ သန်းလောက် ရှိပြီး အဲဒီအလုပ်သမားတွေ အနေနဲ့ လစဉ်လစာရဲ့ ၂ ရာခိုင်နှုန်းကို ပေးသွင်းနေရတာ ဖြစ်ပါတယ်။