စာပေပညာရှင် ဆရာကြီးဒေါက်တာသန်းဦး(ပြည်စိုးမင်း)ဟာ ဇွန်လ၂၃ ရက်က ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဆရာကြီးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဆရာကြီးဟာ အမျိုးသားတစ်သက်တာစာပေဆု(၂၀၂၂ ခုနှစ်)၊ ပခုက္ကူတစ်သက်တာစာပေဆု(၂၀၁၈ ခုနှစ်)၊ အမျိုးသားစာပေဆုတွေ အပါအဝင် ဆုပေါင်းများစွာကို ရရှိထားပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်း ရရှိထားသူဖြစ်ပါတယ်။
ဆရာကြီးဟာ ၁၉၅၄ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ ပုတီးကုန်းမြို့နဲ့ အုတ်ဖိုမြို့တွေက အထက်တန်းကျောင်းတွေနဲ့ ပုသိမ်မြို့က ဆရာအတတ်သင်ကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုမှာ ဥက္ကဋ္ဌ၊ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၉ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့အကြံပေးပုဂ္ဂိုလ်၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်သမ္မတရဲ့ ပညာရေးအကြံပေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဆရာကြီးဟာ ပညာရေးလောကဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများစွာကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၇ နှစ် ရှိပြီဖြစ်ပါတယ်။