မကြာမီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ယာယီတိုက်ပွဲရှောင် ထွက်ပြေးလာကြ သူတွေထဲက လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးတဲ့ ကလေး၊လူကြီးအယောက် ၃၀၀ ကို လားရှိးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှာ ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညနန္ဒနဲ့ တပြည့်ဒါယကာတွေက လက်ခံ စောင့်ရှောက်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
လက်ရှိမှာ အဲဒီယာယီတိုက်ပွဲရှောင် ထွက်ပြေးလာကြသူတွေကို အလှူရှင်တွေရဲ့ကူညီမှုနဲ့ နေ့စဥ်သုံးကြိမ် ကျွေး မွေး လှူဒါန်းပေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါ လားရှိးမြို့ကို မြေပြင်ကားလမ်းကြောင်း ခရီးစဥ်တွေ အနေနဲ့ မန္တလေးကနေ ရပ်စောက်-ကျောက်ဂူ-နမ့်လန်ပန်ညု- မိုင်းရယ်လမ်း၊ မန္တလေး-သီပေါ-စင့်အင် ယာယီ ချောင်းကူးတံတားနဲ့ ဖောင်ဇက်ကူးကဖြစ်စေ သွားလာနေကြပြီး လက်ရှိအချိန်အထိတော့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။