ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သေနတ်ကျည်ဆန်ထိမှန်ပြီး ပျံလွန်တော် မူခဲ့ရတဲ့ ဇွန်လ ၁၉ ရက် ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲဝင်တွေက အိမ်စီးကား Surf ကားတစ်စီးကို ပစ်ခတ်တားဆီး ခဲ့တာသာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီဖြစ်စဉ်မဖြစ်ပွားခင် ဇွန်လ ၁၈ ရက် ညနေပိုင်းမှာ မြို့သာနယ်မြေရဲစခန်း ပစ်ခတ်ခံခဲ့ရပြီး ဇွန်လ ၁၉ ရက် မနက်အစောပိုင်းကလည်း အဲဒီနေရာအနီးတစ်ဝိုက်မှာ အဝေးပြေးကားတစ်စီးကို ပြန်ပေးဆွဲသွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဝေးပြေးကား ပြန်ပေးဆွဲခံရမှုကို လုံခြုံရေးအဖွဲ့တွေက အဖွဲ့နှစ်ဖွဲ့ခွဲပြီး လိုက်လံရှာဖွေနေချိန် တစ်ဖွဲ့က ပန်းချီ ကမ္မရွာအနီး လမ်းပေါ်မှာ Surf ကားတစ်စီးမောင်းနှင်လာတာကို တွေ့ရတဲ့အတွက် ရပ်တန့်ဖို့ လက်ပြ အော်ဟစ် တားဆီးခဲ့သလို သေနတ်ကို မိုးပေါ်ထောင်ပြီးတော့ ပစ်ခတ်တားဆီးခဲ့ပေမယ့် ရပ်တန့်တာမရှိဘဲ ကျော်တက် မောင်းနှင်သွားတာကြောင့် ကားကိုပစ်ခတ်တားဆီးခဲ့ကြောင်း သိရှိရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦးသတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့အချက်တွေဟာ ကန်သုံးဆင့်ဆရာတော် ကြီးမိန့်ကြားတဲ့အချက်တွေနဲ့ ကွဲလွဲမှုတွေရှိနေတာကြောင့် ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်သွားမှာဖြစ်တယ်လို့ လည်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အဆင်မြင့်အရာရှိကြီးတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးအဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ကို ဖွဲစည်းပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေသလို စုံစမ်းဖော်ထုတ်ချက်တွေအရ လိုအပ်တဲ့အရေးယူမှုတွေ ဆောင်ရွက် သွားမှာဖြစ်တယ်လိုလည်းဗိုလ်ချုပ်ဇော်မင်းထွန်းပြောပါတယ်။
ပရိယတ္တိသာသနာတော်မှာ တန်ဖိုးရှိ ထင်ရှားကျော်ကြားတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါးကို ဆုံးရှုံးခဲ့ရတဲ့ အတွက် များစွာဝမ်းနည်းကြေကွဲရပါတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ကြီးနဲ့ ကန်သုံးဆင့်ဆရာတော်ကြီးတို့လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီကျော်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရွာနဲ့ ပန်းချီကမ္မရွာကြားမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရသလို ကန်သုံးဆင့်ဆရာတော်ကြီးနဲ့ ယာဉ်မောင်းတို့ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။