ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဇွန်လ ၂၁ ရက် နယုန်လပြည့်နေ့ ညနေပိုင်းက သံဃာတော်အပါး ၅၀၀ ၊ သီလရှင်အပါး ၁၀၀ ၊ အနှေးယာဉ်မောင်းလုပ်သားအယောက် ၁၀၀ နဲ့ အခြေခံ အိမ်ထောင်စုတွေကို ဆွမ်းဆန်တော်နဲ့ အခြေခံစားကုန်အမျိုး ၄၀ လောက်ကို လှူဒါန်းခဲ့ပါတယ်။
နယုန်လပြည့်နေ့မှာ လှူဒါန်းရတာဟာ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပြည်တွင်း ပြည်ပသာသနာပြု နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တအရိယဝံသ အလိုတော်ပြည့် ဆရာတော်ကြီးရဲ့ သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းရတာဖြစ်တယ်လို့ ရန်ကုန်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရက မိန့်ပါတယ်။
အဲဒီဆွမ်းဆန်တော်နဲ့ အခြေခံစားကုန်တွေကို ဆရာတော်အသျှင်ကုမာရနဲ့ အလှူရှင်တွေ၊ ထိုင်းနိုင်ငံက တပည့် ဒကာ၊ ဒကာမတွေ၊ အနုပညာရှင်တွေ ပူးပေါင်းပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခုလို စားဝတ်နေရေး ခက်ခဲ နေချိန်မှာ စားသောက်ကုန်တွေကို လှူဒါန်းပေးတဲ့အတွက် မိသားစုစားဝတ်နေရေးမှာ အထောက်အပံ့တွေ ဖြစ်စေတာကြောင့် ကျေးဇူးတင်သလို ဝမ်းသာမိတယ်လို့လည်း ပြည်သူတချို့က ပြောပါတယ်။
အလိုတော်ပြည့်ကျောင်းတိုက်မှာ အလှူအတန်းတွေလုပ်တိုင်း ပါဝင်လှူဒါန်းလေ့ရှိပြီး အခုလို အလိုတော်ပြည့် ဆရာတော်ကြီးရဲ့မွေးနေ့မှာပါဝင်ခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာမိတယ်လို့လည်း သရုပ်ဆောင် လှမျိုးသဉ္ဇာ နွယ်နဲ့ နိုင်လူတို့က ပြောပါတယ်။
အလိုတော်ပြည့်ကျောင်းတိုက်(ရန်ကုန်)မှာ အသျှင်ကုမာရဦးဆောင်ပြီး အနုပညာရှင်တွေနဲ့အလှူရှင်တွေစုပေါင်း ကာ သံဃာတော်တွေနဲ့ သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို မကြာခဏ စားသောက်ကုန်တွေ လှူဒါန်းပေးနေတယ်လို့လည်း သိရပါတယ်။