လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှာ အထူးပြပွဲ ကျင်းပသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
အထူးပြပွဲကိုတော့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတက်လမ်း နဲ့ အဆင်းလမ်းမှာ အရင်နှစ်တွေကလို ဘုတ်ပြား တွေနဲ့ ပြသမယ့် ပြကွက် IT နည်းပညာနဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် နဲ့ မြေယာရှုခင်းတွေကို 3D Virtual Tour ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဗီရိုတွေ အ တွင်းရှိ ပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးပြီး Mobile Application နဲ့ ပြသမယ့် ပြကွက်၊ 3D Holographic Fan နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပြကွက်၊ နှစ်အလိုက်အထူးပွဲ ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံမှတ်တမ်းပြကွက်တွေ ကို Touch Screen နဲ့ ပြသပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ပြတိုက်ကို လာရောက်လေ့လာသူတွေ အဆင်ပြေစေဖို့ ပြတိုက်ပတ်လည်မြေနေရာတွေ နဲ့ ဆင်ခြေလျှော မြေထိန်းမြေနေရာတွေကို မြက်ခင်းစိုက်ပျိုးဖို့အတွက် မြေပြုပြင်တာ မြက်စိုက်ပျိုးတာ သစ်ပင် သစ်ကိုင်းတွေ နဲ့ အမှိုက်တွေ ရှင်းလင်းတာတွေ ဆောင်ရွက်နေသလို လာရောက်လေ့လာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့အတွက် ကျန်းမာရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၂၁ ခုနှစ်က အကျယ်အဝန်း ၂ ဒသမ ၄၂၃ ဧကရှိတဲ့ မြေကွက်ပေါ်မှာ အနောက် တိုင်း ဗိသုကာဟန်ရောနှောထားတဲ့ ၂၀ ရာစု ဥရောပပုံစံတည်ဆောက်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီ နေအိမ်မှာ မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ်ကနေ လုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်ထိ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။