ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွန်းတောလမ်းက တိုက်ခန်းတစ်ခန်းမှာ နိုဝင် ဘာ ၂၈ ရက်၊ မနက်အစောပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး Iphone ၆ လုံး ယူဆောင်သွားတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ တိုက်ခန်းမှာ နေထိုင်တဲ့ ဦးစိုင်းခမ်းဟာ ဇနီးဖြစ်သူ၊ စကားပြန်အမျိုးသမီးနဲ့အတူ နေအိမ်မှာ ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား ငါးယောက်က ဓားတွေ၊ ကော်သေနတ်အတိုတွေကိုင်ဆောင်ပြီး ဝင်ရောက် လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဓားပြတွေက ဦးစိုင်းခမ်းကို ဝိုင်းဝန်းချုပ်နှောင် ထိုးကြိတ်ပြီး ဓားနဲ့ ဒဏ်ရာတွေ ရရှိ အောင် ပြုလုပ်ကာ ငွေလွှဲပေးဖို့ ပြောဆိုခဲ့သလို ဦးစိုင်းခမ်းရဲ့ ဇနီးနဲ့ စကားပြန်တို့ကိုလည်း ကြိုးနဲ့တုပ်ပြီး အိပ်ခန်း အတွင်းမှာ ချုပ်နှောင်ထားခဲ့ပါတယ်။
အဲဒီနောက် ဦးစိုင်းခမ်းတို့ သုံးယောက် ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း Iphone ၆ လုံးကို ခြောက်လှန့်လုယူပြီး ထွက် ပြေးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နေအိမ်တွေထဲအထိဝင်ရောက်ပြီး မှုခင်းတွေကျူးလွန်တာဟာ လုံခြုံရေး အရ အားနည်းတာကြောင့်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက်နှိမ်နင်းဖို့လိုအပ်တယ် လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက် ကပြောပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်လို့ ကမာရွတ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၄၂၊ ၃၉၅ တို့နဲ့ အမှုဖွင့်ထားပြီး ကျူးလွန်ရာမှာ ပါဝင်သူ အမျိုးသားတစ်ယောက်ကို ဖမ်းမိထားကာ ကျန်တဲ့အမျိုးသားလေးယောက်ကို ဖမ်းမိနိုင် ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။