နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ်မှာ လူမှုကွန်ရက်စာမျက်နှာပေါ် ငွေစက္ကူအတုတွေ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆိုပြီး ငွေစက္ကူအတု ဝယ်ယူလိုသူတွေဆီကနေ ငွေကြေးလိမ်လည်ရယူခဲ့သူကို ဖော်ထုတ် ဖမ်းဆီးရမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Amara Pan အမည်နဲ့ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဒဏ္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မအေးအေးအောင်ကို နိုဝင်ဘာ ၂၄ ရက်က သူရဲ့နေအိမ်မှာ ငွေစက္ကူအတုတွေ ရရှိနိုင်ကြောင်း အခြားသူ တွေ ယုံကြည်အောင်ပြောပြီး ငွေကြေးလိမ်လည်ရယူရာမှာ အသုံးပြုခဲ့တဲ့ Vivo အမျိုးအစား လက်ကိုင်ဖုန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းမိသူရဲ့ ထွက်ဆိုချက်အရ ငွေစက္ကူအတုဝယ်ယူဖို့ ဆက်သွယ်လာသူတွေကို ငွေစက္ကူအစစ် ၁ ဆကို ငွေစက္ကူ အတု ၈ ဆ ရမယ်လို့ ပြောပြီး မြင်းခြံမြို့ကဆိုရင် အိမ်အရောက် ငွေချေပြုလုပ်လို့ရကြောင်း၊ ကျန်မြို့တွေအနေနဲ့ စရန်တစ်ဝက် ပေးချေပြီး ငွေစက္ကူအတုရရှိမှသာ ကျန်ငွေတစ်ဝက်ကို ဝယ်ယူလို့ရကြောင်း ယုံကြည်အောင် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပြောဆိုပြီး Wave Pay အကောင့်ကို ငွေလွှဲခိုင်းကာ ငွေလွှဲရောက်ရှိရင် Viber အကောင့်ကို Block ပြုလုပ်ပြီး ငွေကြေးတွေ လိမ်လည် ရယူခဲ့တယ်လို့ ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလို ငွေကြေးတွေ လိမ်လည်ရယူခဲ့သူ မအေးအေးအောင်ကို သက်ဆိုင်ရာ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)နဲ့ အမှုဖွင့်အရေးယူထားပြီး အလားတူ လူမှုကွန်ရက်မှာ ငွေကြေးလိမ်လည်ရယူမှုတွေနဲ့ ငွေစက္ကူအတု ပြုလုပ်သုံးစွဲရောင်း/ဝယ်သူတွေကို ဖော်ထုတ်ဖမ်းဆီးမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန် ထားပါတယ်။