မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ ငွေကျပ် ၁၄ ဘီလီယံခွဲကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၃၃၂ ကီလို ကျော်နဲ့စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော်ကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာ (၂၆) ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်ကတော့ နိုဝင်ဘာ(၁၇)ရက်က ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအနီးမှာ မူးယစ်ဆေးဝါးတွေ လွှဲပြောင်းသယ်ဆောင်မယ့်သတင်းကြောင့် သွားရောက်ရှာဖွေစစ်ဆေးရာက အမျိုးသားနှစ်ယောက်နဲ့အတူ ဘိန်းဖြူ ၁၄၇ ဒသမ ၄ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့တာပါ။ စစ်ဆေးဖော် ထုတ်ချက်အရ အဲဒီနေ့ညနေပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်တဲ့လမ်းကြောင်း ရှေ့ပြေး ဆောင်ရွက်သူကို စဉ့်ကိုင်မြို့တိုးဂိတ်မှာ ဖမ်းမိခဲ့ပြီး တာဝန်ခံသယ်ဆောင်သူကို ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် လမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ(၁၈)ရက် မနက်ပိုင်းမှာ ကျောက်ဆည်မြို့နယ်၊ ဆားတောင်ငယ် ကျေးရွာမှာ အမျိုးသားတစ်ယောက်၊ ချမ်းအေးသာဇံမြို့နယ်မှာ အမျိုးသားတစ်ယောက်၊ နိုဝင်ဘာ(၁၉)ရက်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း မြို့နယ်မှာတစ်ယောက်၊ ကျောက်ဆည်မြို့နယ် မြို့ရှောင်လမ်းမှာ တစ်ယောက်တို့ကို ဆက်လက်ဖမ်းမိခဲ့ပါတယ်။ နောက်ထပ် စစ်ဆေးဖော်ထုတ်ချက်တွေအရ မူးယစ်ဆေးဝါးတွေကို စစ်ဆေးရေးဂိတ်တွေကနေ ရှောင်ကွင်းပြီး သယ်ဆောင်သူကို နိုဝင်ဘာ(၁၉)ရက် ညနေပိုင်းက မန္တလေးမြို့မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်နေ တယ်လို့ သိရပါတယ်။