စင်ကာပူပြည်သူတွေက မြန်မာနိုင်ငံရေဘေးသင့်ပြည်သူတွေကိုလှူဒါန်းတဲ့ အစားအစာနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ရန်ကုန်မြို့ကို စက်တင်ဘာ ၂၃ရက် နဲ့ ၂၄ ရက်နေ့တွေက စတင်ရောက်ရှိလာတယ်လို့ စင်ကာပူမြို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက ရေဘေးသင့်ဒေသတွေကို စင်ကာပူနိုင်ငံရှိ လူမှုကူညီရေးအသင်းတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် ၁၀ တန်လောက်ရှိတဲ့ အာဟာရဖြည့်ဆန်အိတ်တွေ၊ လူကြီး/ကလေး အဝတ်အထည်တွေ၊ ဦးထုပ်နဲ့ဖိနပ်တွေနဲ့ ဆပ်ပြာစတဲ့ လူသုံးကုန်ပစ္စည်းတွေကို စင်ကာပူမြို့ မြန်မာသံရုံးကတစ်ဆင့် လှူဒါန်းခဲ့တာလို့ဆိုပါတယ်။
အဲဒီ လှူဒါန်းပစ္စည်းတွေကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၇ ရက်အတွင်း စင်ကာပူမြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းပြေးဆွဲနေတဲ့ MNA နဲ့ MAI လေကြောင်းလိုင်းတွေက အခမဲ့သယ်ယူပို့ဆောင်ပေးမှာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ္စည်းပမာဏနှစ်တန်ကျော် စတင်ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
စင်ကာပူပြည်သူတွေက သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းတွေကတစ်ဆင့် ပေးပို့လှူဒါန်းတဲ့ပစ္စည်းတွေကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသတွေကပြည်သူတွေဆီ ဆက်လက်ဖြန့်ဝေပေးပို့သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။