ဧရာဝတီတိုင်းဒေသကြီးမှာ လတ်တလောရေကြီးရေလျှံမှုတွေကြောင့် ရေဘေးသင့်မိသားစုတွေအတွက် စားနပ်ရိက္ခာအကူအညီတွေ စတင်ပေးဝေနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)က ဩဂုတ် ၂၆ ရက်ကထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ရေလွှမ်းမိုးခံရတဲ့နေရာတွေမှာ လူဦးရေငါးသိန်းလောက် နေထိုင်တယ်လို့ ခန့်မှန်းရပြီးရေဘေးသင့်ပြည်သူ သုံးသောင်းခွဲလောက်အတွက် ဆန်နဲ့အားဖြည့်ဘီစကစ်တွေထောက်ပံ့သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလိုရာသီဥတုဖြစ်စဉ်တွေကြောင့် ထိခိုက်လွယ်တဲ့ဒေသတစ်ခုဖြစ်ပြီး လတ်တလောရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်းသိသိသာသာ လျော့ကျသွားစေနိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စ ရှီလာမက်သယူးကပြောပါတယ်။
ရေကြီးရေလျှံမှုရဲ့ သက်ရောက်မှုက ဧရာဝတီတိုင်းတစ်ခုတင်မကဘဲ မြန်မာနိုင်ငံတစ်ဝန်းကျရောက်မယ့်ပုံရှိသလို WFP အနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေလျော့ပါးသက်သာအောင် အလျင်အမြန်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့က ရေဘေးသင့်ပြည်သူ ၁ သိန်း ၃ သောင်းအတွက် WFP က စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့သလို ရခိုင်ပြည်နယ် မှာလည်း လိုအပ်တဲ့အကူအညီတွေ ပေးပို့နိုင်အောင် အသင့်ပြင်ထားတယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။
Photo-WFP