ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံ သား ၁၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်တို့ကို ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံးမှာ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်း ကာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း သတင်းရရှိတဲ့အတွက် သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးခဲ့ရာမှာ နေအိမ်အတွင်း အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ချိန်လှ အပါအဝင် တရုတ် နိုင်ငံသား ၁၈ ယောက်၊ လောက်ကိုင်မြို့နယ်နေ အားဖျင်(ခေါ်)စောက်ရီချုံ အပါအဝင် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်တို့ကို အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်း ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနဲ့ ပစ္စတိုသေနတ်တစ်လက် အပါအဝင် လက် နက် ခဲယမ်းမျိုးစုံနဲ့အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို တန့်ယန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က) ၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။