စာရေးဆရာကြီးဦးလေးမြိုင်ရဲ့အသက်(၁၀၀)ပြည့်ဂုဏ်ပြုကန်တော့ပွဲ၊ လေးမြိုင်ဓမ္မပူဇာစာပေဆုရရှိတဲ့ ဆရာတော်တွေကို ဆုတွေဆက်ကပ်လှူဒါန်းပွဲနဲ့ ပိုသူလှူလိုသူယူ စာအုပ်လှူဒါန်းပွဲအခမ်းအနားတွေကို စက်တင်ဘာလ(၂၁)ရက်မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်၊ မယ်လမုဘုရားဝင်းအတွင်းရှိ ဓမ္မာရုံမှာကျင်းပခဲ့ပါတယ်။
လေးမြိုင်ဓမ္မပူဇာစာပေဆုချီးမြှင့်လာတာဟာ အခုဆိုရင် ဒသမအကြိမ်မြောက်အထိရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်မှာ ဓမ္မပူဇာစာပေဆုအဖြစ် အရှင်ဓမ္မိက(လောင်းလုံး)ရဲ့ အမေဝမ်းမြောက်ပါလေတော့ဝတ္တုတိုစုစာအုပ်၊ အရှင်ရေဝတ(သာသနာ့ပျိုးခင်း)ရဲ့စာသင်သားတို့၏ဘဝနှင့်အားမာန်(၂)စာအုပ်နဲ့ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရပါသီ)ရဲ့လူငယ်များနှင့်မေးကြဖြေကြ ဓမ္မဝိနယစာအုပ်တို့ကရရှိခဲ့တာဖြစ်ပါတယ်။
အသက်ရာပြည့်ဂုဏ်ပြုကန်တော့ပွဲနဲ့ လေးမြိုင်ဓမ္မပူဇာစာပေဆုချီးမြှင့်ပွဲကိုကြွရောက်လာကြသူတွေက ဆရာကြီး ဦးလေးမြိုင်ကိုဂုဏ်ပြုကန်တော့ကြပြီး ဆရာကြီးဦးလေးမြိုင်က ဆုပေးမေတ္တာစကားတွေ ပြန်လည်မြွက်ကြားခဲ့ပါတယ်။