အဓမ္မခိုင်းစေမှုဆိုင်ရာနဲ့ပတ်သက်လို့ တိုင်ကြားသူနဲ့အဓမ္မခိုင်းစေခံရသူတွေအနေနဲ့ လုံခြုံစိတ်ချစွာ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားနဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
မြန်မာနိုင်ငံဟာ ILO နဲ့ ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကို ၂၀၀၇ ခုနှစ်ကစတင်ပြီး သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်၊၊

၂၀၂၀ ခုနှစ်ကစပြီး အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(NCM)ကို အကောင်အထည်ဆောင်ရွက်ခဲ့ပြီးအလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုယ်စားလှယ်တွေ၊ အလုပ်ရှင်နဲ့အလုပ်သမားအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့သိရပါတယ်၊၊
လက်ရှိမှာ ဘယ်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိရုံး(ရန်ကုန်)နဲ့ တခြားအဖွဲ့အစည်းတွေကနေတစ်ဆင့် အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ်(၅၁) နေပြည်တော်ကို လူကိုယ်တိုင် (ဒါမှမဟုတ်)စာနဲ့(ဒါမှမဟုတ်)ဖုန်းဆက်ပြီးတိုင်ကြားနိုင်သလို အီးမေးလ်လိပ်စာတွေကနေ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။