မြန်မာနိုင်ငံမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့အကျိုးကို ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ အလ်ဟာဂျ် ဦးညွန့်မောင်သျှိန်က ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ Central Hotel မှာ ကျင်းပတဲ့ အစ္စလာမ်သာသနာရေးရာကောင်စီနှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ One News ရဲ့ မေးမြန်မှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ရေမြေသဘာဝနဲ့ကိုက်ညီပြီး သာသနာအဆုံအမတွေကို ကျမ်းတော်တွေနဲ့ တမန်တော်ရဲ့လမ်းညွှန် ချက်တွေနဲ့အညီ အစ္စလာမ်ဘာသာဝင်တွေရဲ့အကျိုးကို ဆောင်ရွက်ပေးနေတယ်လို့ အလ်ဟာဂျ် ဦးညွန့်မောင်သျှိန် က ပြောပါတယ်။ ကောင်စီအနေနဲ့ ကျမ်းစာတွေကို ရိုက်နှိပ်ထုတ်ဝေပြီးတော့ လူငယ်တွေလမ်းမမှားရအောင် သွန်သင်ဆုံးမပေးနေ သလို ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဆိုပါတယ်။

အစ္စလာမ် သာသနာ ရေးရာကောင်စီကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ အရင်ကနေဒီလမ်း (အခုကန်ရိပ်သာလမ်း)ရှိ ဇိနသ်အစ္စလာမ်ယောက်ျားလေးများဂေဟာမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။