ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေး ငလျင်ကြီးကြောင့်ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ငလျင်ကြောင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာတွေမှာ ပျက်စီး ဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ(၅၀၀)ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ တွေက ပြောပါတယ်။အခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေပြီဖြစ်ပေမယ့် လက်သမားဆရာတွေ နည်းတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ ဒေသခံအချို့ဟာ စာသင်ကျောင်းတွေမှာ ယာယီဖွင့်လှစ်ထားတဲ့ စခန်း တွေနဲ့ ကျွန်းမျောတွေမှာ ယာယီတဲအိမ်လေးတွေ ဆောက်လုပ်နေကြတာရှိသလို တချို့ကလည်း နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေကြတယ်လို့ ဆိုပါတယ်။

မိုးရာသီ ကျရောက်တော့မှာဖြစ်လို့ မိုးမကျခင် အိမ်တွေ အချိန်မီ ဆောက်လုပ်နိုင်ဖို့အတွက် အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ရေတွင်းတွေ ပျက်စီးခဲ့လို့လည်း သောက်သုံးရေတွေ အခက်ကြုံနေကြရပါတယ်။ မတ်လ(၂၈) ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်း အပါအဝင် ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ အောင်ပန်းနဲ့တောင်ကြီးမြို့တွေမှာ အဆောက်အဦ အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူတွေ ရှိခဲ့သလို လူအများအပြားလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။