အခြေခံစားသုံးကုန်တွေ၊ ဆေးဝါးတွေ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေဖို့၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းတွေ အတိုင်း ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ဖို့နဲ့ သတ်မှတ်ထားတဲ့ အခွန်ဘဏ္ဍာငွေတွေ အပြည့်အဝရရှိစေဖို့ အခွန်ပုန်း၊ အခွန်ရှောင်တွေကို စိစစ်ဖော်ထုတ်သွားဖို့ လိုအပ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါ့အပြင် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ဆောင်မှု မရှိစေရေး စနစ်တကျ စစ်ဆေးသွားဖို့နဲ့ ဌာနဆိုင်ရာရုံးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ ဆောင်ရွက်သွားဖို့ကိုလည်း မှာကြားပါတယ်။
အဲဒီအပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ MSMEs လုပ်ငန်းတွေကို စဉ်ဆက်မပြတ် သွားရောက်ကြည့်ရှုစစ်ဆေးဖို့နဲ့ လိုအပ်တာတွေ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရမှာဖြစ်တယ်လို့ လည်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားခဲ့ပါတယ်။