သြစတြေးလျနဲ့ ဗီယက်နမ်အစိုးရတို့က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေဟာ ဧပြီ ၈ ရက်က ရောက်ရှိလာတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။သြစတြေးလျအစိုးရက လှူဒါန်းတဲ့ ဆိုလာမီးအိမ်တွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေ ပါဝင်ပြီး (၃၇၄၁၅) ကီလိုဂရမ်ရှိတဲ့ အကူအညီပစ္စည်းတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိချိန်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး တာဝန်ခံနဲ့ ရန်ကုန်မြို့ရှိ WFP ရုံးက တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက် ကြပါတယ်။

အလားတူ ဗီယက်နမ်အစိုးရက လှူဒါန်းတဲ့ ရွက်ဖျင်တဲ၊ အစားအစာနဲ့ ဆေးနှင့်ဆေးပစ္စည်းတွေ ပါဝင်ပြီး (၂၂၁၃၉) ကီလိုဂရမ်ရှိတဲ့ အကူအညီပစ္စည်းတွေကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံ ရယူခဲ့ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပြင် ပြည်ပကနေ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း လမ်းဖွင့်ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။