မိမိတို့မှာအပေါင်းအသင်းနှင့်နေထိုင်တတ်ကြသောသူများဖြစ်ကြသည်။မိမိတို့ကျင်လည်ခဲ့ရာကျောင်းစာသင်ခန်းများ၊ အရွယ်ရောက်ပြီးနောက်လှုပ်ရှားကျင်လည်ခဲ့ရသောလူမှုရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် စ သည့် နယ်ပယ်အသီးသီးတွင် သူငယ်ချင်း၊အပေါင်းအသင်းနှင့်မိတ်ဆွေများကိုကြုံတွေ့ခဲ့ရသည်။ကျောင်းနေစဉ် ငယ် ရွယ်စဉ်ကပေါင်းသင်းခဲ့ရသူများကတော့အရင်းနှီးဆုံးသူငယ်ချင်းများပင်ဖြစ်ကြသည်။အရွယ်ရလာပြီးစီးပွား ရေး၊ လူမှုရေးနယ်ပယ်များတွင်ကျင်လည်ခဲ့ရသည့်အခါများတွင်လည်းမိမိကျင်လည်ရာပတ်ဝန်းကျင်နှင့်လိုက် လျော ညီထွေရှိသည့်အပေါင်းအသင်းများကြုံတွေ့ခဲ့ရ၊ပေါင်းဆုံခဲ့ရပြန်သည်။မိမိအနေဖြင့်တွေ့ကြုံပေါင်းသင်းခဲ့ရ သောသူ ငယ်ချင်းများ၊အပေါင်းအသင်းများထဲမှမိတ်ဆွေများကိုရှာကြည့်ဖြစ်မိသည်။ပြောရမည်ဆိုပါကငယ်သူ ငယ်ချင်း များ၊အပေါင်းအသင်းများအားလုံးကိုမိတ်ဆွေဟူ၍ခြုံငုံပြောဆိုလျှင်ရနိုင်သည်။အကြောင်းတိုက်ဆိုင်၍မိ မိနှင့်အတူရှိနေသည့် သူငယ်ချင်းတစ်ဦး၊အပေါင်းအသင်းတစ်ဦးကို အခြားသူတစ်ဦးနှင့်မိတ်ဆက်ပေးသည့် အခါ ပင် လျှင် ” သူကတော့ ကျွန်တော့မိတ်ဆွေ ဘယ်သူပါပဲ “ ဟုပြောဆိုမိတ်ဆက်တတ်ကြသည်။ တကယ်ပြောရ လျှင် မိတ် ဆွေဆိုသောအသုံးအနှုန်းမှာအလွန်ပင်လေးနက်လှသည်။

မြန်မာစာအဘိဓာန်တွင်သူငယ်ချင်း၊အပေါင်းအသင်းနှင့်မိတ်ဆွေဆိုသောစကားရပ်များကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်-
သူငယ်ချင်း-န/သငယ်ဂျင်း/ ၁။ ငယ်ရွယ်စဉ်ကတည်းကချစ်ခင်ရင်းနှီးစွာပေါင်းဖော်ခဲ့သူ၊၂။ ရင်းနှီးကျွမ်း ဝင်သောမိတ်ဆွေ၊
အပေါင်းအသင်း-န/အပေါင်းအသင်း/မိတ်ဆွေအဖြစ်ဆက်ဆံပေါင်းသင်းသူ၊
မိတ်ဆွေ-န/မိတ်ဆွေ/တစ်ဦးနှင့်တစ်ဦးအကျိုးကိုလိုလားစွာခင်မင်ဆက်ဆံသောအပေါင်းအသင်း ဟူ၍ ဖြစ်သည်။
ပြောရမည်ဆိုပါကသူငယ်ချင်း၊အပေါင်းအသင်းနှင့်မိတ်ဆွေဆိုသောစကားရပ်မှာအဓိပ္ပာယ်ချင်းတူသ ယောင်ရှိသော်လည်း “မိတ်ဆွေ”ဆိုသောစကားရပ်မှာအတော်ပင်လေးနက်ကြောင်းတွေ့ရပေသည်။ မိတ်ဆွေစစ်၊မိတ် ဆွေမှန်ဟူသည်တစ်ဦးနှင့်တစ်ဦးအကျိုးကိုလိုလားစွာခင်မင်ဆက်ဆံသောအပေါင်းအသင်း ဟုဆိုထားလေရာ မိတ်ဆွေကောင်းတစ်ဦးအဖြစ်ယျေဘုယျသတ်မှတ်ထားသည့် “ စံ “ သတ်မှတ်ချက်များကို ယှဉ်ကြည့်လိုက်သောအခါ သူငယ်ချင်း အပေါင်းအသင်းဆိုသူများက သာများပြီး “ မိတ်ဆွေ “ ဆိုသူများမှာ ရှားပါးလှကြောင်းခံစား ဖြစ်လာရသည်။မိတ်ဆွေ နှင့်ပတ်သက်၍လည်း မြတ်စွာဗုဒ္ဓက(အင်္ဂုတ္တရာပါဠိတော်၊ သတ္တကနိပါတ်၊ပထမိတ္တသုတ်)တွင်အောက်ပါအတိုင်းညွှန်ပြထားသည်ကို တွေ့ရသည်-
·
၁။ ဒုဒ္ဒဒံ ဒဒါတိ- ပေးနိုင်ခက်သောပစ္စည်းကိုပေးခြင်း၊
· ၂။ ဒုက္ကရံကရောတိ- ပြုနိုင်ခက်သည့်အရာကို(မိတ်ဆွေအတွက်)ပြုပေးခြင်း၊
· ၃။ဒုက္ခမံခမတိ၊သည်းခံနိုင်သောကိစ္စများကို(မိတ်ဆွေမျက်နှာကိုထောက်ရှု၍)သည်းခံခြင်း၊
· ၄။ ဝှယှဿ အာဝိကရောတိ- သူ၏အတွင်းရေးကိစ္စအပါအဝင် လျှို့ဝှက်အပ်သည်များကို မိတ်ဆွေ အပေါ်ယုံယုံကြည်ကြည်ဖွင့်ပြောတတ်ခြင်း၊
· ၅။ဗုယှဿပရိဝိဟတိမိတ်ဆွေ၏လှို့ဝှက်ကိစ္စများကိုတစ်ခြားသူများထံမပေါက်ကြားစေဘဲလျှို့ဝှက် ထားပေးခြင်း၊
· ၆။ အာပဒါ သုနဇဟတိ- အရေးကြုံလာသည့်အခါများတွင်ရှောင်ဖယ်စွန့်ပစ်မထားခြင်း၊
· ၇။ ခိဏီန နာတိမသတိ -လောကဓံသဘာဝအနိမ့်ပိုင်းကြုံလာရသည့်အခါ အထင်မသေး၊မထေမဲ့မြင်မ ပြုခြင်း၊
ဤအချက်များမှာ မြတ်စွာဗုဒ္ဓက စံ အဖြစ်သတ်မှတ်ပေးခဲ့သည့်မိတ်ဆွေစစ်များ၏ အင်္ဂါ ၇ ပါးဖြစ်သည်။ မိမိ အနေဖြင့် မိတ်ဆွေကောင်းတို့၏စံသတ်မှတ်ချက်နှင့်ကိုက်ညီသော မိတ်ဆွေများကိုရှာကြည့်ဖြစ်မိသည်။ ဖော်ပြပါ ရှိသည့်စံ ၇ ချက်နှင့်ညီသောမိတ်ဆွေများကားရှားပါလိမ့်မည်။သို့ရာတွင် ၇ ချက်ထဲမှ တစ်ချက်၊ နှစ်ချက်နှင့်ကိုက် ညီမှုရှိလျှင်ပင်မဆိုးတော့ဟုဆိုရမည်။သို့ရာတွင်သူလိုမိတ်ဆွေမျိုးမှာလည်းရှိတော့ရှိသည်။ ရှားသည်ဟုဆိုရပေ လိမ့်မည်။ထို့အတူပင် ငယ်သူငယ်ချင်းများသည်အကောင်းဆုံးမိတ်ဆွေများဟုဆိုနိုင်သော်လည်းတစ်ဦးတစ် လေမှလွဲ၍မိတ်ဆွေစစ်ကိုတွေ့နိုင်ခြင်းမရှိခဲ့။အခြားတစ်ဖက်တွင်လည်း ငယ်သူငယ်ချင်းပင်မဟုတ်စေကာမူအ ရွယ်ရလာမှပေါင်းသင်းဆက်ဆံရသူများထဲမှလည်း မိတ်ဆွေကောင်းတစ်ဦးတစ်လေကိုတွေ့ရတတ်ပြန်သည်။ အထူးသဖြင့်အသက်အရွယ်ရလာသည့်အခါတွင် ဆိုးတိုင်ပင်၊ကောင်းတိုင်ပင် မိတ်ဆွေများကိုတောင့်တဖြစ်မိ သည်။ဘဝအမောများကိုပွင့်ပွင့်လင်းလင်းပြောဆိုနိုင်သူ၊တိုင်ပင်ဆွေးနွေးနိုင်သူ မိတ်ဆွေများကိုတမ်းတဖြစ်မိ သည်။သို့ရာတွင်မတွေ့နိုင်ခဲ့။
မိမိအနေဖြင့် မိဘဝတ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်ဝတ်၊မိတ်ဆွေဝတ်စသည် များကိုပြဆိုသည့်သိင်္ဂါ လောဝါဒသုတ်ပါမိတ်ဆွေများ၏ဝတ္တရားငါပါးကိုလေ့လာဖြစ်မိသည်။မိတ်ဆွေဝတ်များမှာ ၁။ပေးကမ်းချီးမြှင့်ခြင်း၊ ၂။ ကိုယ်နှင့်တန်းတူယှဉ်ထားဆက်ဆံခြင်း၊ ၃။အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်း၊၄။ချို ချိုသာသာပြောဆို ဆက်ဆံခြင်း၊ ၅။သစ္စာရှိခြင်းစသည့် အချက် ၅ ချက်ဖြစ်သည်။မိမိသည်မိတ်ဆွေများကိုဆန်း စစ်သောအခါ သိင်္ဂါလောဝါဒသုတ်မှာပါသည့်အချက်များနှင့်ယှဉ်ထိုးကြည့်မိဖြစ်သည်။ဖေါ့ဖေါ့လေးတွေးခြင်းဖြစ် သည်။ထို ကဲ့သို့ဖေါ့ဖေါ့လေးသုံးသပ်ဖြစ်သည့်အခါတွင်တော့ ပထမ စံ ၇ ချက်နှင့်ယှဉ်ထိုးသုံးသပ်ခြင်းဖြင့်မရနိုင် သော အပေါင်းအသင်းကောင်းအချို့ကို ကိုတွေ့ရရှိရသည်။မိမိကနိမ့်ကျသွားသည့်တိုင်မိမိအားမထေမဲ့မြင်မပြု၊ တန်းတူထား ဆက်ဆံတတ်သူများ၊မိမိလိုအပ်သ့ည့်အခါများတွင် အတတ်နိုင်ဆုံးကူညီပေးခဲ့ကြသည့်အပေါင်းအ သင်းများကိုတွေ့ရှိရသည်။ဝမ်းသာစရာပင်ဖြစ်ပါ၏။
ဤသည်နှင့်တစ်ဆက်တည်းပင်မိတ်ပျက်ရခြင်းအကြောင်းများကိုလည်းစဉ်းစားဖြစ်ရသေးသည်။မိတ်ဆွေအ ပေါင်းအသင်းများနှင့်မိတ်ပျက်ရခြင်းအကြောင်းတရားများမှာ-
၁။ပြောသင့်မသင့်၊မချင့်မချိန်ပြောဆိုတတ်ခြင်း၊မိတ်ဆွေအပေါင်းအသင်းအပေါ်မခန့်လေးစားဆက်ဆံပြုမူနေထိုင်ခြင်း။(ဤအပြုအမူမျိုးကိုတမင်သက်သက်မဟုတ်သည့်တိုင်မထင်မှတ်ဘဲပြုလုပ်မိတတ် ကြသည်။ရင်းနှီးခင်မင်သူ မိတ်ဆွေဆိုပြီး တမင်သက်သက်၊သို့မဟုတ် အမျတ်တမဲ့ပြုလုပ်ကျင့်ကြံဖန်များ လာသည့်အခါ မိတ်ဆွေက ကိုယ့်အပေါ်ရှောင်ဖယ်သွားပြီး မိတ်ပျက်ရနိုင်သည်။)
၂။ သင့်တင့်လျောက်ပတ်စွာသွားလာဝင်ရောက်မှုမရှိခြင်း။(အထူးသဖြင့် ဂုဏ်သိက္ခာမြင့်မားသူ၊ရာထူး ဌာနန္တရရှိသူမိတ်ဆွေအားခင်မင်ရင်းနှီးသူဆိုပြီး ပရောပရီလုပ်ဝင်ထွက်သွားလာခြင်းကလည်း မိတ်ဆွေ ၏ကြဉ်ဖယ်ခြင်းကိုခံရတတ်သည်။)
၃။ပစ္စည်း၊လက်ဆောင်၊ပဏ္ဏာလက်ဆောင်ပေးယူဆက်ဆံမှုမရှိခြင်း။(ဤအချက်မှာအရေးကြီးလှသည် ကားမဟုတ်။သို့ရာတွင်မွေးနေ့လိုအခါမျိုး၊အခြားအခါကြီးနေ့များတွင်မိတ်ဆွေဖြစ်သူအား အမှတ်တရ လက်ဆောင်များပေးနိုင်လျှင်ခင်မင်မှုပိုမိုတိုးပွားစေနိုင်သည်။)
၄။တောင်းယူ၊ချေးငှားမှုများလွန်းခြင်း။(တောင်းယူ၊ချေးငှားမှုများလွန်းလျှင်မည်သည့်မိတ်ဆွေကမျှ လည်းစိတ်ရှည်သည်းခံနိုင်မှုရှိမည်မဟုတ်ပေ။ကြာလျှင်ငြူစူမိကောင်းငြူစူမိပေလိမ့်မည်။)
မိတ်ဆွေကောင်းတို့၏ စံနှင့်မိတ်ပျက်ခြင်းအကြောင်းတရားများကိုတွေးတောဆင်ခြင်ရင်း၊ မိမိဖြတ်သန်းခဲ့ရ သောအတွေ့အကြုံများကိုလည်းပြန်လည်စဉ်းစားဖြစ်မိသည်။မိမိသည်ကော ငယ်သူငယ်ချင်းများ၊ဆုံတွေ့ခဲ့ရ သောအပေါင်းအသင်းများအပေါ်၌ မိတ်ဆွေကောင်းတစ်ဦးထားရှိရမည့်စံနှင့်လိုက်နာရမည့်ကျင့်ဝတ်များကို လိုက်နာဖြစ်ခဲ့ပါသလား။ လိုက်နာဆောင်ရွက်မှုများနည်းပါးခဲ့သည်ဆိုခြင်းကိုကားဝန်ခံရမည်။သို့ရာတွင် မိမိတို့အနေဖြင့်တစ်ဦး နှင့်တစ်ဦးမိတ်ကောင်းဆွေကောင်းများမဖြစ်နိုင်သည့်တိုင် အပေါင်းအသင်းကောင်းတစ် ယောက်ဖြစ်နိုင်အောင် ကြိုးစားဆက်ဆံနေထိုင်သွားကြရပေမည်။ မိတ်ဆွေကောင်းတို့၏စံသတ်မှတ်ချက်ခုနစ် ရပ်အနက်မှဖြစ်စေ၊ သိင်္ဂါ လောဝါဒသုတ်ပါမိတ်ဆွေကျင့်ဝတ်များအနက်မှဖြစ်စေ အားလုံးမဟုတ်သော်မှတစ် ချက်ဖြစ်စေ၊နှစ်ချက်ဖြစ်စေ လိုက်နာကျင့်သုံးနိုင်လျှင်ပင်အပေါင်းအသင်းကောင်းအဖြစ်ပေါင်းသင်းနိုင်သူဖြစ်ပေ ချိမ့်မည်။ထို့အတူပင် မိတ်ပျက်ခြင်းအကြောင်းတရားများကိုလည်းဆင်ခြင်စောင့်ထိန်းရန်လိုအပ်ကြပေမည်။
မိမိတို့တွင်ငယ်သူငယ်ချင်း၊အပေါင်းအသင်းများစွာရှိကြသည်ပင်။သို့ရာတွင် မိတ်ဆွေများကားရှားပါးလှ သည်။မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေကောင်းမရနိုင်သည့်တိုင် အပေါင်းအသင်းကောင်းများရရှိနိုင်ရေးမှာ လည်းဘဝအတွက်အရေးကြီးလှသည်ဖြစ်ကြောင်းနှလုံးသွင်းဆင်ခြင်နိုင်ရန်လိုအပ်ကြပေမည်။
ကျွန်းသားငမန်း