သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်သူ နောက်ထပ် လေးယောက်ကို ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၈ ရက်က သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းအရ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး တစ်ယောက် စုစုပေါင်း ၉ ယောက်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းမိသူရဲ့ ထွက်ဆိုချက်အရ ဇွန်လ ၁၄ ရက်မှာ နောက်ထပ် အမျိုးသား လေးယောက်ကို မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖော်ထုတ် ဖမ်းဆီး ရမိခဲ့တာလို့ ထုတ်ပြန်ချက် အရ သိရပါတယ်။
အခုဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာရန်ကုန်မြို့အတွင်းဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့တယ်လို့ဆိုပြီး သူတို့ကိုဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


