၂၀၂၄ ခုနှစ် မေလ ၂၃ ရက်ကနေ လက်ရှိအချိန်ထိ ခုနစ်လတာကာလအတွင်းမှာ နေရပ်စွန့်ခွာသူ ၁ သိန်း ၄ သောင်းကျော်ကို မူလနေရပ်တွေကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကပြောပါတယ်၊၊

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမမှာ ကျင်းပတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)မှာ ပြောကြားခဲ့တာပါ။အဲဒီခုနစ်လတာ ကာလအတွင်းမှာ အိမ်ထောင်စု စုစုပေါင်း ၃၅၂၄၅ စု၊ လူဦးရေ ၁၄၁၇၈၈ ယောက်တို့ကို မူလ နေရပ်တွေကို ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး ယာယီခိုလှုံရာစခန်းတွေနဲ့ စုရပ်တွေ ၃၈၀ ကိုလည်း ထပ်မံပိတ်သိမ်းနိုင်ခဲ့ပါတယ်၊၊

ဒါ့အပြင် တိုက်ပွဲရှောင်နဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ တွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နဲ့ အလှူရှင်ရှင်တွေရဲ့ လှူဒါန်းမှုနဲ့ လူသားချင်းစာနာမှု အကူအညီပေးမှု တွေအပြင် လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊၊

လက်ရှိအခြေအနေမှာ ယာယီနေရပ်စွန့်ခွာသူတွေအတွက် အခြေခံလိုအပ်ချက်တွေကို ပြည်ထောင်စု၊ ပြည်နယ်နဲ့ စေတနာရှင်အလှူရှင်တွေပေါင်းစပ်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ကြဖို့နဲ့ နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းမှုရှိသည်နှင့်အမျှ မူလနေရပ်တွေကို ပြန်လည်ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်သွားဖို့ လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့ပါတယ်၊၊