လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်းကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးနိုင်ရေး စီစဉ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်၊၊ အဲဒီလို သက်သေခံလက်မှတ် CI ထုတ်ပေးနိုင်ရေးအတွက် နေပြည်တော်မှာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG (မစ္စတာ ဗိုပီယမ် ချန်တာဗောင်)တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တာပါ။

လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် လာအိုနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်ကိုင်သူတွေရှိနေရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ သောင်းခန့်ရှိတယ်လို့ ဆိုပါတယ်၊၊ အဲဒီအထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအတွက် ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး နိုင်ငံသားစိစစ်တဲ့လုပ်ငန်းတွေကို e-ID စနစ်နဲ့တိုက်ဆိုင်စစ်ဆေးပြီး ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနိုင်ရေးကိစ္စရပ်တွေ၊ (OWIC) ကတ်ပြားထုတ်ပေးရေးကိစ္စရပ်တွေ၊ ဝန်ကြီးဌာန အနေနဲ့ အလုပ်အကိုင် ဖန်တီးပေးမှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုအခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေးနဲ့ ပတ်သက်ပြီး မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနဲ့ လာအိုနိုင်ငံ၊ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်၊၊