ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက တူးဖော်ရရှိတဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ မအပ်နှံဘဲ ထုခွဲရောင်းချသူ အမျိုးသားသုံးယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ရေစီးရေလာ ကောင်းမွန်စေဖို့အတွက် ရေမြောင်းဖောက်လုပ်တဲ့လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တဲ့ ဦးညို (ခေါ်)ကိုကိုညို(စိစစ်ဆဲ)ဟာ ပန်းရံအလုပ်သမားတွေဖြစ်တဲ့ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး အပါအဝင် ၁၃ ယောက်နဲ့အတူ ရေမြောင်းတူးဖော်စဉ် ရှေးဟောင်းမြေအိုးတစ်လုံး တူးဖော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မြေအိုးအတွင်းက ရှေးဟောင်းပစ္စည်းလို့ ယူဆရတဲ့ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက် အချို့ကို တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ သတင်းပေးပို့ အပ်နှံတာမရှိဘဲ ထုခွဲရောင်းချကာ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုဖို့ အောင်ဖြိုးက ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု တို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နဲ့ အခြားရွှေထည်တွေကို ဦးညို(ခေါ်)ကိုကိုညိုက အသီးသီး ခွဲဝေယူဆောင်ခဲ့ကြောင်း ထုတ်ပြန် ချက်အရ သိရပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၉ ရက်မှာ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနဲ့ အောင်မိုး တို့ ၃ ယောက်ကို သူတို့ရဲ့ နေအိမ်အသီးသီးကနေ ခေါ်ဆောင် စစ်ဆေးခဲ့ရာ အောင်ဖြိုးက ရှေးဟောင်း ရွှေထည် ပစ္စည်း ၁၃ ကျပ်သားကို ကျပ်သိန်း ၅၄၀ နဲ့ ရောင်းချခဲ့ကြောင်း၊ ဦးညို(ခေါ်)ကိုကိုညိုက ရွှေထည် ပစ္စည်းအချို့ကို ကျပ်သိန်း ၉၄၀ နဲ့ ရောင်းချပြီး အလုပ်သမားဖြစ်သူ စိန်ထွန်းပါ ၁၂ ယောက်ကို တစ်ယောက်ကို ကျပ် ၅၂ သိန်း ၅ သောင်းနှုန်းနဲ့ ခွဲဝေပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ရှေးဟောင်းရွှေထည်ပစ္စည်းတွေကို တာဝန်ရှိသူတွေထံ မအပ်နှံဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချ ခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုးတို့ ၃ ယောက်နဲ့ ဖမ်းဆီးဖို့ ကျန်တဲ့ ဦးညို(ခေါ်)ကိုကိုညိုပါ ၁၁ ယောက်တို့ကို ပုဂံနယ်မြေရဲစခန်းမှာ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇/၁၉ နဲ့ အမှုဖွင့်ပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။