မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာ ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူကို ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ကျူးလွန်သူ တစ်ယောက်ကို ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၁၉ ရက်က ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ရပ်ကတော့ ဇွန်လ ၁၃ ရက်၊ ညနေ ၅ နာရီကျော်မှာ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက် ရပ်ကွက်နေ ရွှေပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းအောင်ဟာ သူရဲ့ ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံ မြို့နယ်ကနေ နေအိမ်ကို ၁၂ လမ်းအတိုင်း ဆိုင်ကယ်နဲ့ မောင်းနှင်လာစဉ် အမျိုးသားနှစ်ယောက်က ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ကာ ဦးဝင်းအောင်မှာ ပါရှိလာတဲ့ ရွှေထည်ပစ္စည်းတွေကို လုယက် ယူဆောင်ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်ခံရတဲ့ ဦးဝင်းအောင်ဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူ နှစ် ယောက်အနက် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥဒေါင်းကျေးရွာနေ ကံပိုင်(ခေါ်)ကိုဖြိုး(ခေါ်)ပြည်ဖြိုးအောင် ကို ဇွန်လ ၁၈ ရက်၊ ညနေ ၆ နာရီကျော်လောက်က သက်သေခံ ရွှေထည်ပစ္စည်းတွေနဲ့အတူ သူရဲ့ နေအိမ် မှာ တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။