မန္တလေးမြို့မှာ ဒီဇင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်လုယက်မှုနဲ့ ဒီဇင်ဘာ ၂၄ ရက် က ဖြစ်ပွားခဲ့တဲ့ ဆင်ဖြူတော်ငွေလွှဲလုပ်ငန်း လုယက်မှုကျူးလွန်သူတွေကို ဖမ်းမိပြီဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်၊ မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က နဂါးနန်းတော် စိန်ရွှေရတနာဆိုင်မှာ သေနတ်ပြ ခြိမ်းခြောက်လုယက်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့်ရှိတဲ့ ရွှေထည် ပစ္စည်းမျိုးစုံ ၁ ပိဿာ ၉၁ ကျပ်သားခန့်နဲ့ ငွေစက္ကူကျပ်သိန်း ၃၀ ခန့်ကို ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာမှာ ကျူးလွန်သူ အမျိုးသား နှစ်ယောက်ကို ဒီဇင်ဘာ ၂၉ ရက်က အောင်မြေသာစံမြို့နယ်က တည်းခိုခန်းတစ်ခုမှာ ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိသူတွေရဲ့ထွက်ဆိုချက်အရ လုယက်မှုမှာ ပူပေါင်းပါဝင်သူ အမျိုးသားနှစ်ယောက်ကို ပုသိမ်ကြီးမြို့နယ်မှာ ဖမ်းမိခဲ့ပြီး ရွှေထည်ပစ္စည်းတွေကို အရည်ကျိုပုံဖျက်ပေးသူ အမျိုးသား၁တစ်ယောက်ကို အောင်မြေသာစံမြို့နယ်မှာ အသီးသီး ဆက်လက်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးချက်တွေအရ နဂါးနန်းတော်စိန်ရွှေရတနာဆိုင် လုယက်မှုကျူးလွန်သူတွေဟာ ဒီဇင်ဘာ ၂၄ ရက်က မဟာ အောင်မြေမြို့နယ်မှာရှိတဲ့ ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းကိုလည်း လုယက်မှုကျူးလွန်ခဲ့ပြီး ငွေကျပ်သိန်း ၃၀၀ နဲ့ မော်တော်ယာဉ်တစ်စီးကို ခြိမ်းခြောက်ယူဆောင်သွားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခုဖြစ်စဉ်မှာ ဖမ်းမိထားတဲ့ အမျိုးသား ၅ ယောက်ကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။