မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင် လုယက်မှု ကျူးလွန်သူနှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှာ သေနတ်ပြ ခြိမ်းခြောက် လုယက်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း ၃ သောင်းခန့်ရှိတဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့်ကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်သူတွေကို ဖော်ထုတ်ခဲ့ရာ ကျူးလွန်သူ ဖြိုးသက် အောင် (ခေါ်)ဖြိုးလေးကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်ရှိ K- Mandalay လက်ဖက်ရည်ဆိုင်အနီးမှာ ဖမ်းဆီးရမိခဲ့ပြီး ထွက်ဆိုချက်အရ သူ့နေအိမ်ရှိ Air Cooler အတွင်းက သက်သေခံရွှေထည် ပစ္စည်းမျိုးစုံ (၆၂)ကျပ်သား၊ (၄)ပဲ၊ (၂)ရွေးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်၊၊ ဖမ်းမိသူရဲ့ ထွက်ဆိုချက်အရ လုယက်မှုမှာ ပါဝင်သူ ဇင်မျိုးထိုက်(ခေါ်)ဇင်မျိုးကို ဒီဇင်ဘာ ၂၄ ရက်၊ မနက်ပိုင်းက သူရဲ့နေအိမ်မှာ ထပ်မံ ဖမ်းမိခဲ့ပြီး ရွှေထည်ပစ္စည်းမျိုးစုံ (၂၄)ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးချက်တွေအရ ရွှေစင်အကယ်ဒမီ ရွှေဆိုင်ကို သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းတွေကို လုယက်မှု ကျူးလွန်ခဲ့တဲ့ ဖြိုးသက်အောင် (ခေါ်)ဖြိုးလေးနဲ့ ဇင်မျိုးထိုက် (ခေါ်)ဇင်မျိုးတို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ဖမ်းဆီးဖို့ ကျန်တဲ့ အောင်မျိုးသူနဲ့ ဝင်းမြတ်သူ တို့ကို ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊