တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ ချောင်းရေမြစ်ရေမြင့်တက်တာနဲ့ တောင်ကျရေ စီးဆင်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားရာမှာ ပြည်သူအများအပြားရေဘေးသင့်နေကြရပြီး အဲဒီရေဘေးသင့်ပြည်သူတွေအတွက် အနုပညာရှင်တွေရဲ့လှူဒါန်းမှုတွေလည်း များပြားလာပါတယ်။
လတ်တလောရေဘေးကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ပိုင်တံခွန်၊ ဂျွန်လွင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမျိုးဆက်၊ ခိုင်နှင်းဝေ၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ စိုးပြည့်သဇင်၊ ယုသန္တာတင်၊ ဆောင်းအိန္ဒြေထွန်း၊ ကိုသာဂိ၊ ပိုပိုစတဲ့ အနုပညာရှင်တွေအပါအဝင် အနုပညာရှင်အများအပြားက အလှူငွေတွေ၊ အစားအသောက်တွေ၊ အဝတ်အထည်တွေနဲ့ဆေးဝါးတွေလှူဒါန်းမှုတွေ ရှိနေတယ်လို့သိရပါတယ်။
အဲဒီအနုပညာရှင်တွေရဲ့လှူဒါန်းမှုတွေထဲမှာ အနုပညာချစ်ပရိသတ်တွေနဲ့ အခြားအလှူရှင်တွေရဲ့ ပူးပေါင်းပါဝင်လှူဒါန်းမှုတွေလည်းရှိနေတယ်လို့ အလှူရှင်အနုပညာရှင်တချို့ဆီကသိရပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့က ရေဘေးကြုံတွေ့နေရတဲ့ပြည်သူတွေအတွက် နိုင်ငံတစ်ဝန်းက သံဃာတော်တွေနဲ့၊ သီလရှင်တွေ၊ ပြည်သူတွေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့လှူဒါန်းမှုတွေလည်း အများအပြားရှိနေသလို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ပရဟိတအဖွဲ့တွေနဲ့ စေတနာရှင်ကူညီသူတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဝိုင်းဝန်းလုပ်ဆောင်မှုတွေလည်းရှိနေပါတယ်။
စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုခြောက်သောင်းနီးပါး၊ လူဦးရေ နှစ်သိန်း ကျော်ရှိပြီး ရေဘေးကူညီကယ်ဆယ်ရေး စခန်း ၁၈၇ ခု ဖွင့်လှစ်ထားရတယ်လို့တပ်မတော်သတင်းမှန် ပြန်ကြား ရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။