မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သိန်းထောက်ပံ့ကူညီခဲ့တယ်လို့ ရန်ကုန်မြို့နော်ဝေသံရုံးကထုတ်ပြန်ပါတယ်။
နော်ဝေနိုင်ငံဟာ UNOPS ရဲ့ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်တွေနဲ့ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေအမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ကူညီခဲ့တာလို့ဆိုပါတယ်။
ထောက်ပံ့မှုအနေနဲ့ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေပါဝင်ပြီးနော်ဝေကြက်ခြေနီအသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကတစ်ဆင့် အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးအတွက်ငွေသားနဲ့ အစားအသောက်ပါဆယ်ထုပ်တွေကို ဖြန့်ဝေပေးနေတယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် နော်ဝေနိုင်ငံဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ရေဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ပြီးအကူအညီတွေအမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။