အလိုတော်ပြည့်ဆရာတော်ဘုရားကြီးကိုဦးထိပ်ထားပြီး ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရ ဦးဆောင်ပြီး အလှူရှင်တွေနဲ့အနုပညာရှင်တွေရဲ့ ပူးပေါင်းလှူဒါန်းမှုနဲ့ ရေဘေးသင့်ဒေသတွေမှာ တိုက်နယ်ဆေးရုံ ဆောက်လုပ်လှူဒါန်းသွားမယ်လို့ ဆရာတော်အသျှင်ကုမာရရဲ့မိန့်ကြားချက်အရသိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရဦးဆောင်ပြီး အလှူရှင်တွေ၊ သရုပ်ဆောင် ကျော်ရဲအောင်၊ မျိုးစန္ဒီကျော်၊ ဇာတ်ညွှန်းအောင်ကြီးတို့က ကနဦးအလှူငွေကျပ်သိန်း(၁,၀၀၀) မတည်လှူဒါန်းထားပါတယ်။

ရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ကျန်းမာရေးကိစ္စကလည်း အဓိကလို အပ်ချက်တစ်ခုဖြစ်နေပြီး ရေရှည်မှာလည်းလိုအပ်လာနိုင်တာကြောင့် တိုက်နယ်ဆေးရုံလှူဒါန်းဖို့ကိစ္စကို လုပ်ဆောင်ရတာဖြစ်တယ်လို့ သရုပ်ဆောင်ကျော်ရဲအောင်နဲ့ မျိုးစန္ဒီကျော်တို့ကပြောပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ကျန်းမာရေးကိစ္စအတွက် မဖြစ်မနေလိုအပ်နေတဲ့တိုက်နယ်ဆေးရုံကို ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောက်လုပ်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ဆရာတော်အသျှင်ကုမာရကမိန့်ပါတယ်။