ရေဘေးသင့်ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် အခမဲ့ဖုန်းပြောဆိုခွင့်နဲ့ စာတို (SMS) ပေးပို့ခွင့်တွေကို ဖုန်းအော်ပရေတာတွေက အခမဲ့ပေးအပ်လှူဒါန်းထားတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာပြီး မြစ်ရေကြီးတဲ့အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူတွေ အဆင်ပြေ ချောမွေ့စေဖို့ ကူညီပံ့ပိုးဆောင်ရွက်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့် မိနစ် ၇၀၀ နဲ့ စာတိုပေးပို့ခွင့် အစောင် ၇၀၀ ၊ အက်တမ်မြန်မာလီမိတက်(ATOM)က မိုဘိုင်းဖုန်းအချင်းချင်းဖုန်းပြောခွင့် မိနစ် ၅၀၀ နဲ့ စာတိုပေးပို့ခွင့် အစောင် ၅၀၀၊ အော်ရီဒူးမြန်မာလီမိတက်(Ooredoo)က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့်နဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (Mytel)က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့်မိနစ် ၁၀၀၀ နဲ့ အခမဲ့စာတိုပေးပို့ခွင့်အစောင် ၁၀၀၀ တို့ကို အခမဲ့ပေးအပ်လှူဒါန်းတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အခုလို အခမဲ့ပေးအပ်လှူဒါန်းမှုကို စက်တင်ဘာ ၁၃ ရက်ကစပြီး ၇ ရက်အထိ အသုံးပြုခွင့်အဖြစ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတွေက ပေးအပ်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။