ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့ဒေသတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေမှာလိုအပ်တဲ့ ကူညီရွေ့ပြောင်းရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတာနဲ့ လမ်းတံတားတွေ၊ ရပ်ကွက်ကျေးရွာတွေအတွင်းမှာ တင်ကျန်ခဲ့တဲ့နုန်းတွေ၊ သစ်ပင်သစ်ကိုင်းတွေဖယ်ရှားပေးတာတွေအပါအဝင် အခြားလိုအပ်တာတွေကို ဆက်လက်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ယာယီရေဘေးရှောင်စခန်းတွေမှာ ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တွေကလှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ အလှူငွေတွေကိုလှူဒါန်းပြီး သံဃာတော်တွေကိုလည်းလှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းတာတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေကြီးမှုကြောင့်ပျက်စီးခဲ့တဲ့ လမ်း၊ တံတားတွေကိုလည်း ယာယီသံပေါင်ဘေလီတံတားတွေ အစားထိုးပြင်ဆင်ခဲ့ပြီးပြုပြင်ဖို့ကျန်ရှိနေတဲ့တံတားတွေကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့