နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က ရေကြီးရေလျှံမှုတွေဖြစ်ပွားတဲ့နေရာတွေမှာ ကူညီကယ်ဆယ်ရွှေ့ပြောင်းတဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဧလာနယ်မြေ၊ ကွမ်းခြံရွာနဲ့ လက်ပံကုန်းရွာရှိ ရေဘေးသင့်ပြည်သူတွေကို မီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီး စက်တင်ဘာ ၁၄ ရက်၊ မနက်ပိုင်းက ရေဘေးလွတ်ရာကို ကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအပြင် နေပြည်တော်အတွင်းရှိ ကျေးရွာတွေမှာ ရေဝင်ရောက်မှုကြောင့် သစ်ပင်လဲကျတာ၊လမ်းပိတ်ဆို့တာနဲ့မြစ်ချောင်းတွေအတွင်းပိတ်ဆို့နေတဲ့ သစ်ပင်သစ်ကိုင်း၊ အမှိုက်သရိုက်တွေကို မီးသတ်တပ်ဖွဲ့မှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နဲ့ တံတားဦးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာ ၁၄ ရက်က မြစ်ရေဝင်ရောက်လာမှုကြောင့် ကျေးရွာ ၉ ရွာက ရေဘေးသင့်ပြည်သူတွေကို မီးသတ်တပ်ဖွဲ့ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရေဘေးလွတ်ရာကိုကူညီကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။
အလားတူ စက်တင်ဘာ ၁၃ ရက်ကလည်း နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တွေက ရေကြီးရေလျှံမှုကြုံတွေ့နေရတဲ့နေရာတွေက ရေဘေးသင့်ပြည်သူတွေကို သက်ဆိုင်ရာနယ်မြေခံတပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတွေ ပရဟိတလူမှုရေးအသင်းတွေက ရေဘေးလွတ်ရာနေရာတွေကိုကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။