ရန်ကုန်မြို့ပေါ်ရှိ KTV/BAR/CLUB နဲ့ စား သောက်ဆိုင်တွေမှာ လူငယ်တွေကို မူးယစ်ဆေးဝါးတွေ ဖြန့် ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ယောက် နဲ့ မလေးရှားနိုင်ငံသား တစ်ယောက်တို့ကို ကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်၊ ည ၁၀ နာရီလောက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၈ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ စိတ်ပြောင်းဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိထားသူ လှဦး (ခေါ်) လှမျိုးကို Toyota Mark X မော်တော်ယာဉ် တစ်စီးနဲ့အတူ တွေ့ရှိတဲ့အတွက် ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးတွေ ဖြစ်တဲ့ Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ် နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့ ည ၁၁ နာရီအချိန် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်မှာ မြတ်သူကို စိတ်ပြောင်းဆေးဝါး Happy Water ၁၂၉ ဂရမ်နဲ့ သူနေထိုင်တဲ့ ပုဇွန်တောင်မြို့နယ်၊ ၁၀ ရပ်ကွက်ရှိ နေအိမ် ကနေလည်း Happy Water ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်း ၉၅၀ ဂရမ် နဲ့ အက်တက်စီဆေးပြား ၂၄၀ တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆက်လက်ပြီး ဒီဇင်ဘာ ၂၃ ရက်၊ ည ၈ နာရီခွဲအချိန်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်မှာ ဌားရမ်းနေ ထိုင်တဲ့ မလေးရှားနိုင်ငံသား Mr. Lee Kok Sun ကို ကက်တမင်း ၇၅ ဂရမ်၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy-5 ဆေးပြား ၆၀၀၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံ ၅၀၀ လုံး၊ Happy Water ရောစပ်ရာမှာ အသုံးပြုတဲ့ စတော်ဘယ်ရီ အရသာမှုန့် ၈၀၀ ဂရမ်၊ လိမ္မော်အရသာမှုန့် ၇၀၀ ဂရမ် နဲ့အတူ အသီးသီး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းမိသူ သုံးယောက်ဟာ စိတ်ပြောင်းဆေးဝါးတွေကို ရောစပ်ပြီး ရန်ကုန်မြို့ပေါ်ရှိ KTV/BAR/CLUB နဲ့ စားသောက်ဆိုင်တွေမှာ လူငယ်တွေကို မူးယစ်ဆေးဝါးတွေ ဖြန့် ဖြူးရောင်းချတာ ဖြစ်ကြောင်း သိရတဲ့အတွက် ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ တွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။