မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ပြောပါတယ်။ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးမှာ ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေပိုင်းက ကျင်းပပြုလုပ်တဲ့ မဲခေါင်-ဂင်္ဂါ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော် အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာပါ။

ဒီနေ့ ပြုလုပ်တဲ့ အစားအစာ ယဉ်ကျေးမှု ပွဲတော်ဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာဆီယံအစားအစာ ပွဲတော်လို ခရီးသွားမြှင့်တင် ရေးဆိုင်ရာ အစီအစဉ်တွေကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေ တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းက ပြောပါတယ်။ပွဲတော်မှာ မြန်မာ့လက်မှုအထည်တွေကို ပြသရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာပိတီဖြစ်မိတယ်လို့ သီရိခေတ် Clothing & Fabric Collection ဆိုင်က အရောင်းဝန်ထမ်း မမီမီကိုက ပြောပါတယ်။

မဲခေါင်-ဂင်္ဂါ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်ကိုတော့ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့အကြား ခိုင်မြဲတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ အိန္ဒိယသံရုံးက ကြီးမှူးပြီး ရန်ကုန်မြို့ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်းနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ရက်တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ပွဲတော်မှာတော့ အိန္ဒိယ-မြန်မာ စားသောက်ဆိုင်ခန်းပေါင်း ၄၆ ဆိုင် ပါဝင်ပြသရောင်းချခဲ့ကာ မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံ စလုံးရဲ့ ကြွယ်ဝပြီး ကွဲပြားတဲ့ အစားအစားတွေရဲ့ အရသာတွေကို ပြသထားပြီး ပါဝင်လှူဒါန်းသူတွေဆီက ရရှိတဲ့ ငွေတွေကို ပရဟိတလုပ်ငန်းတွေအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။