မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို လေးလေးနက်နက် သတိပြုနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်က ပြောပါတယ်။ ဧပြီ ၉ ရက်က ရန်ကုန်မြို့ အိန္ဒိယစင်တာမှာ ကျင်းပ ပြုလုပ်တဲ့ အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီ(ICCR) ရဲ့ (၇၅)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ လူနေမှုဘဝရဲ့ ပျက်စီးလွယ်တဲ့ သဘာဝကို ပြတ်ပြတ် သားသား သတိရစေပြီး အခုလို အချိန်မျိုးမှာ အိန္ဒိယ-မြန်မာ စည်းလုံးညီညွတ်ရေး စိတ်ဓာတ် အစစ်အမှန်ကို မြင်တွေ့နေရတယ်လို့ မစ္စတာ အဘ်ဟေး တာကူးရ်က ပြောပါတယ်။အိန္ဒိယအစိုးရအနေနဲ့ Operation Brahma ဗြဟ္မာစီမံချက်နဲ့ အစားအသောက်၊ သောက်ရေ၊ စောင်၊ ဆေးပစ္စည်း၊ မီးစက်၊ ရွက်ဖျင်တဲ၊ ရှေးဦးသူနာပြုစုရေးအတွက် ဆေးသေတ္တာ၊ တစ်ကိုယ် ရေသန့်ရှင်းမှုပစ္စည်းတွေနဲ့ ရေသန့်စင်မှု စနစ်တွေ အပါအဝင် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ ၆၆၆ တန်ကို ပေးပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ လေယာဉ် ခုနစ်စင်းနဲ့ အိန္ဒိယရေတပ်သင်္ဘော ခြောက်စင်းဟာ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာအကူအညီနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ထားပြီး ဖြစ်သလို မန္တလေးရှိ အိန္ဒိယယာယီဆေးရုံမှာလည်း လူနာပေါင်း ၁၂၀၀ ကျော်ကို ကုသပေးခဲ့တယ်လို့ မစ္စတာ အဘ်ဟေး တာကူးရ်က ပြောပါတယ်။ဒါ့အပြင် အိန္ဒိယရဲ့ အဓိကမူဝါဒသုံးရပ်ဖြစ်တဲ့ အိမ်နီးချင်း ပထမ၊ အရှေ့နဲ့ ထိတွေ့ဆက်ဆံရေးနဲ့ အင်ဒို-ပစိဖိတ်- မြန်မာ စတဲ့ မူဝါဒတို့ဆုံစည်းရာမှာ တည်ရှိတဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် အမှန်တကယ် အထူးနေရာတစ်ခု ဖြစ်တယ်လို့လည်း မစ္စတာ အဘ်ဟေး တာကူးရ်က ပြောကြားခဲ့ပါတယ်။