“ ဝ” နယ်စပ်ကနေ တရုတ်နိုင်ငံကို ခိုးသွင်းဖို့ ကြိုးပမ်းနေတဲ့ မူးယစ်ဆေး မှောင်ခိုကူးအဖွဲ့ကို တရုတ်နဲ့ ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့ “ ဝ” အထူး ရဲတပ်ဖွဲ့က ဇွန် ၈ ရက်က ထုတ်ပြန်ပါတယ်။

နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှုခင်းတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုကြီးတစ်ခုကို အောင်မြင်စွာ နှိမ်နင်းနိုင်ဖို့အတွက် တရုတ်ရဲတွေနဲ့အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်ခဲ့ တာလို့ ဆိုပါတယ်။

“ ဝ” -တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မန်အာဆိပ်ကမ်းမှာ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိခဲ့တဲ့ ဆေးဝါးတွေကိုလည်း ဇွန်(၈)ရက်က တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
လွှဲပြောင်းပေးခဲ့တဲ့ မူးယစ်ဆေးတွေကတော့ စိတ်ကြွဆေးပြား ၇၂၇ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်း ၆ ဒသမ ၂ ကီလို ဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ Ephedrine (အက်ဖီဒရင်း) ၀ ဒသမ ၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ၀ ဒသမ ၃ ကီလိုဂရမ်နဲ့ ဆေးဝါး ၆၅ ပုလင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နိုင်ငံရပ်ခြားကတစ်ဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ခိုးသွင်းဖို့ ကြိုးပမ်းနေတဲ့ သတင်းရပြီးချင်းမှာပဲ တရုတ်နိုင်ငံအစိုးရရဲ့ သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က ပံ့ပိုးကူညီပေး မှုကို ရရှိပြီးနောက် အမှုကို စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ဝ” ဒေသဟာ မူးယစ်ဆေးဝါး မှုခင်းတွေရဲ့ အဓိက နေရာမဟုတ်ကြောင်း၊ နယ်စပ်ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါး မှုခင်းမျိုးစုံ နှိမ်နင်းနိုင်ရေးနဲ့ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ဆက်လက် ထိန်းသိမ်း သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။