အခုနှစ် ဇန်နဝါရီလကနေဩဂုတ်လကုန်အထိ မူးယစ်ဆေးစွဲသူ ၁၀၀ ကျော် ပြန်လည်ကောင်းမွန်လာတယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်ကပြောပါတယ်၊၊
စက်တင်ဘာလ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ မေတ္တာစံအိမ်ခန်းမမှာကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုတို့ပူးပေါင်းဖွင့်လှစ်တဲ့ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊

ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ မူးယစ်ဆေးစွဲသူ ၁၃၃ ယောက်ပြန်လည်ကောင်းမွန်လာပြီး မိဘ၊ လူနာနဲ့ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပြန်လည်ကောင်းမွန်လာတာဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးစံရှိန်ကပြောပါတယ်၊၊
မူးယစ်ဆေးစွဲတဲ့သူတွေကို ဆေးဖြတ်ဖို့အရင်ဆုံးဆေးရုံကိုပို့ဆောင်တာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့ ဆောင်ရွက်တာ၊ ကုထုံးတွေနဲ့ကုသတာတွေစတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်၊၊