မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်နဲ့ မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းရေတွေ ရုတ်ရက်မြင့်တက်လာမှာကို တာချီလိတ်မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဧပြီ(၂၉)ရက်က မိုးရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာတာ ကြောင့် မယ်ဆိုင်ချောင်းရေတွေ မြင့်တက်ခဲ့တာပါ။

အဲဒီချောင်းရေတွေဟာ တာချီလိတ်မြို့ အနိပ့်ပိုင်းရပ်ကွက် တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်းနဲ့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့ပြီး ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။အရင်နှစ်တွေက တောင်ကျရေတွေ ရေစီးသန်တဲ့အတွက် အိမ်တွေ မျောပါတာရှိခဲ့ပြီး ဒီနှစ်မှာလည်း အဲဒီလို ဖြစ်မှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ရေဝင်ရောက်နိုင်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံတွေကို ကြိုတင်သတိပေးနှိုးဆော်တာတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

လာမယ့် မေလ ၄ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်ပြီး တချို့ဒေသတွေ မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၈ ရက် ညနေ ၆ နာရီ အချိန်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။