မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအထိမ်းအမှတ် တစ်လပြည့်အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှာ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက တက်ရောက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌဦးခင်မောင်ဌေးကတော့ zoom ကနေတစ်ဆင့် အမှာစကား ပြောကြား ခဲ့ပါတယ်။ အဲဒီနောက် အခမ်းအနားတက်ရောက်လာသူတွေက ၁၂ နာရီ ၅၈ မိနစ်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။

ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူတွေထဲက တာဝန်ရှိသူ တွေက ငလျင်တိုင်းတာစက်တွေ တပ်ဆင်ထားမှုအကြောင်း၊ ဘူမိဗေဒနဲ့ဘူမိအင်ဂျင်နီယာဆိုင်ရာလေ့လာ တွေ့ရှိ ချက်တွေအကြောင်း၊ အဆောက်အအုံအင်ဂျင်နီယာရဲ့ တွေ့ရှိချက်တွေအကြောင်း သုံးသပ်ချက်တွေကို တင်ပြခဲ့ကြ ပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းက “ ၇ ဒသမ ၇ ရှိတဲ့ ပြင်းအားများ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ထပ်မံလှုပ်ခတ်နိုင်တဲ့ period က ကြာနိုင် ကြောင်း၊ တခြားနိုင်ငံတွေမှာဆိုရင် ပြင်းအား ၇ လောက် လှုပ်ပြီဆိုရင် နောက်ထပ် တစ်နှစ်အတွင်း ငလျင်တွေ လှုပ်သေးကြောင်း၊ ဒါပေမဲ့ အင်အားပြင်းအဆင့်ကနေ တဖြည်းဖြည်း နည်းသွားကြောင်း၊ ငလျင်လှုပ်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ မီးလောင်တာတွေရှိတတ်ကြောင်း၊ ငလျင်ဒဏ်ခံ အဆောက်အအုံတွေ ဆောက်တဲ့ အခါမှာလည်း စတီးနဲ့ သစ်သားက ခံနိုင်ရည်ရှိကြောင်း၊ ဒါပေမဲ့ နောက်ဆက်တွဲမီးလောင်တာတွေ ဖြစ်လာနိုင်တဲ့ အတွက် သံနဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေအနေနဲ့ သတိပြုရမှာဖြစ်ကြောင်း စသဖြင့် One News ရဲ့ မေး မြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေအနေနဲ့ ဧပြီ ၂၅ ရက် စာရင်းအရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ ခုမှာ သေဆုံးသူ ၃၇၀၀ ကျော် ၊ ဒဏ်ရာရသူ ၅၁၀၀ ကျော်၊ ပျောက်ဆုံးသူ ၁၁၀ ရှိခဲ့သလို ဧပြီ ၂၄ ရက်စာရင်းအရ လူနေအိမ် ၆၃၀၀၀ ကျော်၊ စာသင်ကျောင်း ၆၇၀၀ ကျော် ၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းပေါင်း ၅၄၀၀ ကျော်၊ စေတီပုထိုးပေါင်း ၅၃၀၀ ကျော်၊ တခြားဘာသာရေးအဆောက်အအုံပေါင်း ၆၁၃ လုံး ၊ ဆေးရုံဆေးခန်းပေါင်း ၅၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။