ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ထိုင်းဘက်က ဖြတ်တောက်ထားတယ်လို့ ဘုရားသုံးဆူမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူ တွေဆီကနေ သိရပါတယ်။ထိုင်းဆင်းကတ်ဖြစ်တဲ့ AIS 12 Call ကို ဖေဖော်ဝါရီ ၂၁ ရက်က ဖုန်းလိုင်း ဖြတ်တောက်လိုက်ပြီး Dtac နဲ့ True Mov ကိုတော့ ဖေဖော်ဝါရီ ၂၅ ရက်က ဖြတ်တောက်လိုက်တာဖြစ်ကာ အခုလို ဖြတ်တောက်လိုက်တာက ကာလ အနေနဲ့ ဘယ်လောက် ကြာမြင့်မယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

လက်ရှိမှာတော့ ဘုရားသုံးဆူမှာ မြန်မာဆင်းကတ်ဖြစ်တဲ့ ATOM ဖုန်းလိုင်းကိုသာ အဓိက အသုံးပြုနေကြ ရတယ်လို့ ဘုရားသုံးဆူမြို့မှာ နေထိုင်တဲ့ ဒေသခံပြည်သူတချို့က ပြောပါတယ်။ အခုလို ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေအပြင် လျှပ်စစ်မီးတွေပါ ဖြတ်တောက်ထားတာကြောင့် တစ်ပိုင် တစ်နိုင် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပါတယ်။ အဲတာကြောင့် အလုပ်လက်မဲ့တွေ ပိုများ လာနိုင်သလို အွန်လိုင်းကို အသုံးပြုပြီး ငွေလွှဲ၊ ငွေချေ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူတွေနဲ့အနေနဲ့လည်း အခက်တွေ့လာနိုင်တယ်လို့ ဒေသခံပြည်သူတချို့က ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့ အတွက် ထိုင်း-မြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မြဝတီ ၊ ဘုရားသုံးဆူ ၊ ရွှေကုက္ကိုလ် ၊ တာချီလိတ်နယ်စပ်မြို့တွေကို ထိုင်းဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး လျှပ်စစ်မီး ဖြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။