ထိုင်းဘက်ကပေးတဲ့ လျှပ်စစ်မီးကို မှီခိုနေရတဲ့ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူမြို့က ဒေသခံ တွေဟာ လျှပ်စစ်မီးဖြတ် တောက်ခံခဲ့ရချိန်မှာ ဆိုလာအသုံးပြုပြီး လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီဒေသမှာ ငွေကြေးတတ်နိုင်သူတွေက ဘတ် ၁ သိန်း ၇ သောင်းဝန်းကျင် တန်ဖိုးရှိတဲ့ ဆိုလာတွေကို အသုံးပြု ကြပြီး ငွေကြေးမတတ်နိုင်သူတွေက ဘတ် ၂၀၀ ကနေ ၃၀၀ ဝန်းကျင် ဆိုလာတွေကို အသုံးပြုလာကြတယ်လို့ သိရပါတယ်။ဘုရားသုံးဆူ နယ်စပ်မြို့မှာ စားသောက်ဆိုင်လုပ်ငန်း၊ အဝတ်အထည်ဆိုင်နဲ့ ကုန်စုံဆိုင်လုပ်ငန်းတွေ အများဆုံးဖွင့် ကိုင်ကြပြီး ထိုင်းဘက်က မီးစဖြတ်တဲ့နေ့မှာ လျှပ်စစ်မီးကို အားထားလုပ်ကိုင်ရတဲ့ လုပ်ငန်းတချို့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ချိန်မှာ စက်သုံးဆီဈေးနှုန်းတွေလည်း မြင့်တက်လာပြီး အရင်က ဘတ် ၂၅၀ သာ မီးသွေးတစ်အိတ်ကလည်း အခုဆိုရင် ၃၅၀ အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူ မြို့မှာ ဒေသခံ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော် ရှိပြီး အများစုကတော့ ထိုင်းဘက်က လျှပ်စစ်မီးပြန်ပေးလာမယ့် အခြေအနေကို မျှော်လင့်နေကြပါတယ်။ထိုင်း-မြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူ၊ ရွှေကုက္ကိုလ်နဲ့ တာချီလိတ်မြို့တွေကို ထိုင်းဘက်က ဖေဖော်ဝါရီလ ၅ ရက်ကစပြီး လျှပ်စစ်မီးဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။