ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ ဇွန်လ ၈ ရက် မနက်ပိုင်းက ဟင်းအိုး တူးရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးနံ့ကြောင့် အမျိုးသမီးနှစ်ယောက် အသက်ရှူကြပ် သေဆုံးခဲ့တယ်လို့ လင်းလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ မလင်းလက်က One News ကို ပြောပါတယ်၊၊

ဖြစ်စဉ်မှာ ဇွန်လ ၇ ရက် ညပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၃)လမ်းရှိ တိုက်ခန်းတစ်ခုမှာ ဟင်းအိုးကို မီးမပိတ်မိဘဲ အဲယားကွန်းဖွင့်ပြီး အိပ်ရာကနေ ဟင်းအိုးတူးရာက ထွက်ပေါ်လာတဲ့ မီးခိုးနံ့ကြောင့် အမျိုးသမီးနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်၊၊
သေဆုံးရုပ်အလောင်းတွေကိုတော့ ဇွန်လ ၈ ရက် မနက် ၁၀ နာရီအချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကြောင့် အသက် (၆၅)နှစ်အရွယ် အမျိုးသမီးတစ်ယောက်နဲ့ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ယောက်တို့ သေဆုံးခဲ့ ကာ အသက်(၆၀)ကျော် အမျိုးသားတစ်ယောက်မှာလည်း ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်၊၊

အလုံပိတ်တိုက်ခန်းတွေမှာ ဟင်းအိုးတွေ၊ ထမင်းအိုးတွေပဲဖြစ်ဖြစ် မီးသွေးနဲ့ချက်ရတဲ့အချိန်မှာပဲဖြစ်ဖြစ် အခန်း တံခါးတွေ ဖွင့်ထားဖို့လိုပြီး ဒီလိုမျိုးဖြစ်စဉ်တွေက မကြာခဏ ဖြစ်တတ်တဲ့အတွက် သတိထားဖို့ လိုတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ မလင်းလက်က ပြောပါတယ်၊၊
သေဆုံးရုပ်အလောင်းတွေကိုတော့ လင်းလက်လူမှုကူညီရေးအသင်းကယာဉ်နဲ့ ရန်ကုန်ပြည်သူဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ရွှေလောင်းလမ်းထဲက တိုက်ခန်းတစ်ခန်းထဲမှာ မီးစက်ကထွက်တဲ့ မီးခိုးငွေ့ ရှူရှိုက်မိရာကနေ မိသားစုဝင် လေးယောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။