ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းနဲ့ ရွှေစင်ရွှေပြားတွေ စတင်ကပ်လှူတဲ့ အခမ်းအနားကို ဇန်နဝါရီလ(၉)ရက် မနက်ပိုင်းက ပြုလုပ် ခဲ့တယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီးကို ရွှေစင်ပိဿာချိန်(၂၀)နဲ့ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

စေတီတော်မြတ်ကြီးမှာ ကပ်လှူမယ့် ရွှေသင်္ကန်းတွေအတွက် ဘုရားဖူးလာပြည်သူတွေက လှူဒါန်းလာတဲ့ ရွှေငွေပစ္စည်းတွေကို သန့်စင်တာတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် အလှည့်ကျသဘာပတိ ရွှေသင်္ကန်းကပ်လှူပူဇော်ရေးကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်က ပြော ပါတယ်။ စေတီတော်ကြီးရဲ့ကြာလှန်နေရာမှာ ရွှေပြား(၁၇)ချပ်ကို ဇန်နဝါရီ(၉)ရက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဦးဆောင်ကာ စတင်ကပ်လှူခဲ့ပြီး ကြေးဖရိန်ကြေးပြားတွေကိုတော့ စေတီတော်ပစ္စယံပေါ်မှာ ကပ်လှူတဲ့ လုပ်ငန်းကလည်း (၁၀)ရာခိုင်နှုန်းအထိ ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူတာကို ကဆုန်လပြည့်နေ့မတိုင်ခင် အပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိတော့ ရွှေသင်္ကန်းအတွက် ခုနစ်ရက်သားသမီးတွေရဲ့ လှူဒါန်းငွေ စုစုပေါင်း ကျပ်သန်း (၅၉၇၅)သန်းနဲ့ ရွှေစင်ရွှေပြား(၇၂)ချပ်အတွက် ကျပ်သိန်းသုံးထောင်ကျော် ရရှိထားတယ်လို့ စေတီတော်ဂေါပက အဖွဲ့ကနေ သိရပါတယ်။